Quantcast
Channel: ရင်မှ မိုးစက်ပွင့်များ
Viewing all articles
Browse latest Browse all 25

အိပ်မက်ဆန်သော မြို့

$
0
0
ငါ့တိုင်းပြည်လေးမှာ..
သစ်မြစ်တွေကိုတောင်
ငါချစ်တယ်...
တကယ်လို့
အကြိမ်ပေါင်းတစ်ထောင်
သေရင်....
အဲဒီမှာပဲငါသေချင်တယ်
တကယ်လို့
အကြိမ်ပေါင်းတထောင်
ပြန်မွေးရင်လည်း
အဲဒီမှာပဲ ငါမွေးချင်တယ်။
(နီရူဒါ)

ဆရာမ မနော်ဟရီ ရဲ့  ဘလော့လေးကို သွားလည်ရင်း ဒီကဗျာလေးကို ဖတ်ပြီး ကျွန်မ စဉ်းစားမိတယ် ။ လူကြီးတွေ ပြောနေသံကိုလည်း ကျွန်မတို့ ကြားဖူးကြမယ်.. သေရင် ငါ့ရွာလေးမှာပဲ ငါခေါင်းချချင်တယ် ဆိုတဲ့ စကားလိုမျိုး။ လူတွေရဲ့  ဇာတိမြေကို ချစ်မြတ်နိုးမှု့ အစွဲအလမ်းက ဖျောက်ဖျက်ပစ်ဖို့ ခက်လှပါတယ်။ ကျွန်မလည်း ပြောချင်တယ်။ ကျွန်မတိုင်းပြည်လေးကို ကျွန်မချစ်တယ်။ အကျွမ်းတ၀င် မရှိခဲ့ပေမယ့် ကျွန်မရဲ့  ဇာတိချက်ကြွေလို့ ဆိုရမယ့် ဧရာဝတီရဲ့  မြို့ကြီးတစ်မြို့ကိုလည်း ကျွန်မ ချစ်ပါတယ်။ အဲဒီ မြို့ကြီးထဲ့ ရွှေဂုံတိုင် (၂)လမ်းဆိုတဲ့ လမ်းလေးကိုလည်း ချစ်ပါတယ်။ နောက် ကျွန်မတို့ ငယ်ဘ၀၊ ဒီထက်ပိုပြီး ပြောရရင် ကျွန်မ ဘ၀ရဲ့  ပထမဦးဆုံးအိမ် အိမ်နံပါတ် (၁၀) ကိုလည်း ချစ်ပါတယ်။

မြောင်းမြမြို့လို့ ဆိုလိုက်တာနဲ့ ဧရာဝတီရဲ့  မြို့ကြီးတစ်မြို့ဖြစ်လိမ့်မယ်လို့ တော်တော်များများ သိကြမှာပါ။ ဒါပေမယ့် ကျွန်မ ချစ်မြတ်နိုးစွာနဲ့ပဲ မြို့လေးလို့ သုံးချင်နေပြန်တယ်။ အင်း.. အဲဒီ မြို့လေးပေါ့။ ကျွန်မ မှတ်မိသလောက် ကျွန်မ တစ်နှစ်သမီးအရွယ်မှာ စွန့်ခွာလာခဲ့တဲ့ ကျွန်မရဲ့  ဇာတိမြေ။ ပြီးတော့ ဆယ်စုနှစ်တစ်ခုအထိ နှစ်စဉ်မှန်မှန် ပြန်ဖြစ်နေတဲ့ ကျွန်မတို့ မိသားစုရဲ့ နွေရာသီရိပ်မြုံ။ အဲဒီမြို့လေးရဲ့  ရွှေဂုံတိုင် (၂) လမ်း ဆိုတဲ့ လမ်းလေးကတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ အမြဲ လဲလျောင်းနေတတ်တယ်။ အဲဒီ လမ်းလေးရဲ့  ထောင့်တစ်နေရာ.. ပန်းတွေ အများကြီးနဲ့ အုန်းပင်၊ သရက်ပင်တို့ ရှိတဲ့ အိမ်လေးက ကျွန်မတို့ အိမ်လေးပေါ့။ တကယ်တော့ အိမ်တိုင်းလိုလိုမှာ ပန်းပင်တွေ၊ သီးပင် စားပင်တွေ ရှိကြတာများပါတယ်။ ဒါပေမယ့် ကိုယ့်ရင်သွေးမှ ပိုချောတယ် လို့ ထင်တတ်တဲ့ မိခင်လိုပဲ ကျွန်မ အိမ်လေးက ပိုလှနေသလိုလို။ ပြောလို့ ပြောတာ မဟုတ်ပေမယ့် ကျွန်မ အိမ်လေးက သူများ အိမ်တွေနဲ့မတူတာက လမ်းထောင့်က အိမ်ဖြစ်တာမို့ ခြံရဲ့  မျက်နှာစာအပြင် ခေါင်းရင်းပတ်လည်ကို ရေမြောင်းကျယ်ကျယ်လေးက ရစ်ပတ်ထားတယ်။ ရေပြင်မှာလည်း ရေညှိစိမ်းအရွက်လေးတွေက နေရာလပ်မရှိအောင်ပါပဲ။ ဒါကြောင့် ကျွန်မစိတ်ထဲတော့ အစိမ်းရောင်တွေပဲ ဖြန့်ခင်းထားသလို။

အိမ်ကတော့ နယ် အိမ်တွေ အတိုင်းပါပဲ။ ရေနံချေးဝနေတဲ့ ပျဉ်ထောင်နှစ်ထပ်အိမ်က မိုးတိုးမတ်တပ်နဲ့ ။ အပေါ်ထပ် ၀ရန်တာမှာ ချိတ်ဆွဲထားတဲ့ သစ်ခွပန်းတွေက အရောင်အသွေးစုံလင်လို့။ နောက်ပြီး ကျွန်မ ကလေးဘ၀က ဘာရယ်မှန်းတော့ မသိ သဘောကျစွာ မော့ကြည့်ရတဲ့ ရေတံလျှောက်ကြီးလည်း ရှိတယ်။ အပြာနုရောင် သံတိုင် မတ်မတ်လေးတွေ စိုက်ထားတဲ့ မှန်ပြတင်းပေါက်တွေလည်း ရှိတယ်။ မိုးရာသီမှာ မွေးခဲ့တဲ့ ကျွန်မက မိုးစက်တွေ လာလာရိုက်ခတ်တဲ့ မှန်ပြတင်းကို ငေးငေး ကြည့်ရတာလည်း အမော။ ၀ရံတာက လှမ်းကြည့်ရင်လည်း တစ်ခြံလုံးကို အုတ်နီခဲတွေ စီစီရီရီ ခင်းထားလေတော့ အဲဒီ အုတ်ခဲတစ်ခုနဲ့ တစ်ခုကြားက ပေါက်နေတဲ့ မြက်ကလေးတွေက အနီရောင်မှာ အစိမ်းရောင်ဘောင်လေးတွေ ကွပ်ထားတဲ့ အတိုင်း သိပ်ကြည့်လို့ လှပါတယ်။ အိမ်ရဲ့  ခြေရင်းဘက်မှာတော့ ခပ်တိမ်တိမ် ရေတွင်းလေး ရှိတယ်။ ခြံပတ်လည်မှာလည်း သစ်သားတိုင်လေးတွေ မကျဲမစိတ် တစ်ညီတညာလေး ရိုက်ထားတာ။ ဒါပေမယ့် ခေါင်းရင်းဖက်မှာတော့ အုန်းပင်ကြီးတစ်ပင်ရဲ့  အမြစ်က ခြံစည်းရိုးနေရာတည့်တည့်ကို ရောက်နေတယ်။ ပြီးတော့လည်း ရေမြောင်းလေးရှိရာကို ကိုင်းပြီး ညွှတ်ကျနေသေးတယ်။ အဲဒီနေရာမှာတော့ ခြံစည်းရိုးမှာ တံခါးလေးနဲ့ လုပ်ထားတယ်။ အပြင်ဖက်မှာ မြောင်းကို ကျော်ပြီး တံတားလေးမထိုးထားပေမယ့် အုန်းပင်ကြီးရဲ့  အောက်ခြေမှာ ကျောက်ပြားခပ်ကြီးကြီးလေး ခင်းထားတယ်။ အဲဒီနေရာလေးကတော့ ကျွန်မ သိပ်နှစ်သက်တဲ့ နေရာလေးမို့ အသေးစိတ်မှတ်မိနေတာ ဖြစ်မယ်။ နေ့ခင်းဖက်ဆိုရင် အဲဒီနေရာလေးကိုမှာပဲ ထိုင်တယ်။ စက္ကူလှေ လွှတ်ချင်ပေမယ့် ရေညှိရွက်တွေက အပြည့်အသိပ်ကိုး။ ဒီတော့ စက္ကူလှေလေး မလှုပ်မရှားနဲ့ ရေစိုပြီး တဖြည်းဖြည်း နစ်မြုပ်သွားတာကိုပဲ ထိုင်ကြည့်နေမိတော့တာ။ ဒါမှ မဟုတ်ရင် ကျွန်မ အိမ်လေးကို ကြည့်ပြီးပဲ ဖြစ်ဖြစ်၊ ရေမြောင်းဖက်ကို ကြည့်ပြီးပဲ ဖြစ်ဖြစ် ကလေးသဘာဝ ကလေးပန်းချီတွေ လျှောက်ခြစ်တတ်သေးတယ်။ ကျွန်မဘ၀ရဲ့  ဦးဆုံးကာလ အမှတ်တရတွေပေါ့။

ဒါက ကျွန်မရဲ့  ဇာတိမြို့ မှာ ကျွန်မအမှတ်အရဆုံးက နေ့စဉ်ထိတွေ့နေရတဲ့ အိမ်လေး။ ကျွန်မအဖိုးကိုယ်တိုင် စီစဉ်ပြီး တည်ဆောက်ခဲ့တဲ့ အိမ်မို့လည်း ကျွန်မတို့ အားလုံး အဲဒီ အိမ်လေးကို သိပ်ခင်တွယ်ပါတယ်။ နောက်ပြီး နွေရာသီတိုင်း အဲဒီမြို့လေးကို ကျွန်မတို့ အဘိုးအဘွားတွေကို ကန်တော့ရင်း ပြန်ဖြစ်တယ်။ ဒါပေမယ့် ဖေဖေတို့ ညီအကိုတွေက တစ်နှစ်တစ်ခါ ရွှေကျင်တိုက်သစ်ကျောင်းမှာ အမြဲ သင်္ကန်းဝတ်တော့ နှစ်တိုင်းလိုလို ဘုန်းကြီးကျောင်းနဲ့ အိမ်နဲ့ပါပဲ။ အရွယ်ငယ်သေးလို့လားတော့ မသိ။ စိတ်မချတတ်တဲ့ အဘွားနဲ့ လူကြီးတွေကြောင့် ကျွန်မတို့ မောင်နှမတွေ ဘယ်ကိုမှ မရောက်ဖူးကြပါဘူး။ ကျွန်မ မြောင်းမြမြို့မှာ ကျွန်မ အိမ်အပြင် မှတ်မိတာ သင်္ဘောဆိပ်ပဲ ရှိပါတယ်။ ကျွန်မတို့တုန်းက ကားလမ်းလည်း မပေါက်သေးတဲ့ အတွက် ကားနဲ့ တစ်ခါမှ မြောင်းမြကို မသွားခဲ့ဖူးပါဘူး။ နောက်ပြီး မြောင်းမြနဲ့ ပတ်သက်လို့ အမှတ်ရစရာ ကျွန်မတို့ ကိုးကွယ်တဲ့ ဦးဇင်းလေးဆီက စကားတစ်ခွန်းရယ် ရှိသေးတယ်။ "မြောင်းမြမှာ ထောင်ကြီး နှစ်ထောင်ရှိတယ် ၊ တစ်ခုက မြောင်းမြထောင်၊ နောက်တစ်ခုက ရွှေကျင်တိုက်သစ်ကျောင်း" တဲ့ ။ တကယ်တော့ စည်းကမ်းကြီးလွန်းလို့ ဦးဇင်းလေးက ရယ်စရာအနေနဲ့ ပြောတာပါ။

ကျွန်မ နောက်ဆုံးနှစ် ကျောင်းသူ ဖြစ်တဲ့ အချိန်မှာ ကျွန်မ မြို့လေးကို ပြန်ရောက်ဖို့ အကြောင်းက ဖန်လာပြန်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မ မြို့လေးဆီ မရောက်တော့တာ (၇)နှစ်တိတိ ရှိနေပါပြီ။ ဒါပေမယ့် ၀မ်းသာရမလို၊ ၀မ်းနည်းရမလို။ ဒီတစ်ခါ ရောက်ရတဲ့ အကြောင်းအရင်းက အိမ်လေးကို ရောင်းပြီး ဘွားဘွားကျန်းမာရေးကြောင့် အပြီး ရန်ကုန်ကို ပြောင်းတော့မှာ မို့ပါပဲ။ ကျွန်မသိပ်ချစ်ခဲ့တဲ့ အိမ်လေးကတော့ အရင်လို သိုက်သိုက်မြိုက်မြိုက် မဟုတ်တော့ပါဘူး။ အပေါ်ထပ်ကို ဘယ်သူမှ မတက်ကြတော့တဲ့ အတွက် ဖုန်တွေ ထူထပ်နေခဲ့ပြီ။ စွန့်ပစ်ခံရတော့မယ့် အထီးကျန်နေတဲ့  အိမ်လေးကိုပဲ ကျွန်မ နှမြောတသစွာ ငေးကြည့်ဖြစ်တယ်။ မြို့လေးကို ရောက်တုန်း ကျွန်မ ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ် ကမ်းနားလမ်းဘက် စက်ဘီးစီးချင်တယ် ခွင့်ပန်တော့ ထုံးစံအတိုင်းပဲ ကျွန်မက မြို့ခံလည်း မဟုတ်ဘူး၊ စက်ဘီးစီးတာလည်း စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်တွေရယ်ကြောင့် ကျွန်မ ဘယ်မှ မရောက်ဖြစ်တော့ပါဘူး။ ငါးပြားတန်ဆောင်းကိုတော့ ကျွန်မ ခြေလျင်ခရီးနဲ့ပဲ ရောက်ဖြစ်ခဲ့တယ်။ ဖေဖေနဲ့ မေမေ ပြောနေတဲ့ မြောင်းမြမြို့ ရဲ့  နေရှင်နယ်ကုန်း၊ မေမေ ကျောင်းတက်ခဲ့တဲ့ အမှတ် (၁)၊ ဖေဖေ ကျောင်းတက်ခဲ့တဲ့ အမှတ် (၆) ၊ နောက်ပြီး မြောင်းမြမြို့ရဲ့  ဂုန်နီစက်ရုံ၊ နောက်ဆုံး မြောင်းမြအနီးက တန်ခိုးကြီးဘုရားဖြစ်တဲ့ မြစိမ်းတောင် ဘုရား။ အားလုံးက ကျွန်မ ငယ်စဉ်ကတည်းက ကြားနေကျပုံပြင်တစ်ပုဒ်လိုပဲ ပြီးဆုံးသွားတယ်။

"တစ်ရွာမပြောင်း သူကောင်းမဖြစ်
သေချင်တဲ့ ကျား...တောပြောင်း "
အဲဒီ စကားပုံနှစ်ခု ကို လှည့်လည် သုံးရင်း၊ ရေကြည်ရာ မြက်နုရာကို ပြောင်းရင်း ပြောင်းရင်းနဲ့ ကျွန်မ ဇာတိမြို့လေးနဲ့လည်း တော်တော် ဝေးလာခဲ့ပြီ။ ဘယ်ဇာတိလည်း လို့ မေးရင် ကျွန်မက ဧရာဝတီသူ၊ မြောင်းမြကပါလို့ မဆိုင်းမတွ ဖြေတတ်ပေမယ့် အဲဒီ ဇာတိမြို့လေးနဲ့ ပတ်သက်ရင် သမိုင်းထဲမှာ သင်ရတဲ့ မြောင်းမြစား လောက်ဖျားနဲ့ ဗျည်းနွဲ့ ဆိုတာကလွဲရင် ဘာဆိုဘာမှ မသိခဲ့ဖူးတဲ့ ကျွန်မ... ဘုရားစူး ဧရာဝတီသူလို့ပဲ ဆိုရမလား။ ကျွန်မရဲ့  ဖြစ်တည်ရာ၊ နှောင်ဖွဲ့ရာ မြို့လေးကတော့ ကျွန်မအတွက် အိပ်မက်ဆန်နေဆဲ။ ဒါပေမယ့် ဘယ်လိုပဲ ဆိုဆို ကျွန်မ အခွင့်သာတဲ့ တစ်နေ့တော့ ကျွန်မရဲ့  အိပ်မက်ဆန်တဲ့ ဇာတိမြို့လေးကို အလည်ဖြစ်ဖြစ် သေသေချာချာ သွားရပါဦးမယ်လို့ပဲ စိတ်ထဲက တွေးမှတ်ထားမိပါတော့တယ်။

*** ဇူး***
(၂၅.၂.၂၀၁၁.)
.

Viewing all articles
Browse latest Browse all 25

Latest Images

Trending Articles


နောက်ဆုံးထွက်တော်ကီများ


TTA Oreo Gapp Installer


သီဟသူရဘွဲ့ရရှိခဲ့သူများ (အပိုင်း ၂ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ချင်းမိုင်ရောက် မြန်မာနိုင်ငံသားများအား ထိုင်းဘာသာစကားနှင့်...


မင်းရဲကျော်စွာ ၏ ပထမဆုံး စစ်ပွဲ


အင်းဝမင်းဆက်၏ နောက်ဆုံးမင်း မဟာဓမ္မရာဇဓိပဓိ ဟံသာဝတီတွင် ရေချသတ်ခံရခြင်း


ရှိယိုက် မွတ်စလင်များ ဆူးလေစေတီရှေ့တွင် ၀မ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်ပြုလုပ်


တိုင်းဒေသကြီး/ပြည်နယ်အလိုက် မော်တော်ယာဉ်နံပါတ်ပြားများ ပြောင်းလဲဆောင်ရွက်မည်